Friday, May 24, 2013

“မိတ်ဆက်ခြင်း”

ယခုဤဘလော့ဂ်အားတည်ထောင်သူ ကျွန်တော်သည် ခေမရ ခေါ် ခမာလူမျိုးများစုဝေးနေထိုင်လျှက်ရှိသော ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ခမာ(ကမ္ဘောဒီးယား)စာပေနှင့် ဘာသာစကားအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၄ နှစ်တာ သင်ကြားလေ့လာခဲ့ပါသည်။ တောတောင်ရေမြေသဘာဝနှင့် လူနေမှုပါတ်ဝန်းကျင်၊ ကိုးကွယ်ယုံကြည်မှု စသည်တို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများနှင့် လွန်စွာပင်ဆင်တူလှပါသည်။ ထို့ထက်ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာကား ၎င်းခမာလူမျိုးတို့၏ အက္ခရာစာပေအရေးအသားနှင့် ဝေါဟာရများပင်ဖြစ်လေသည်။ ခမာစာပေအရေးအသားတွင် “က” မှ “အ” ထိ ဗျည်း ၃၃ လုံးရှိပြီး မြန်မာအက္ခရာဗျည်းများနှင့်အသံရွတ်ဖတ်ထွက်ဆိုပုံခြင်း အနည်းငယ်ကွာခြားသည်မှအပ အရေးအသားမှာ လွန်စွာနီးစပ်တူညီလှပေသည်။ သို့ရာတွင် သဒ္ဒါပုဒ်အထားအသိုမှာကား ပြောင်းပြန်နီးပါးမျှ ကွာခြားလှပါသည်။ ပုံတွင် မြန်မာအက္ခရာ ဗျည်း ၃၃ လုံးနှင့် ခမာအက္ခရာဗျည်း ၃၃ လုံးတို့အား ယှဉ်တွဲ၍ဖော်ပြပေးထားသည်ကို ကြည့်ရှုပါက စာဖတ်သူအပေါင်း ပိုမိုရှင်းလင်းမြင်သာပါလိမ့်မည်။ အရှေ့တောင်အာရှနိုင်ငံများအထဲတွင် မြန်မာအက္ခရာ အသွင်သဏ္ဍာန်နှင့် အနီးစပ်ဆုံးတူညီသည့် ဘာသာစာပေကိုပြပါဆိုလျှင် ခမာစာပေကို လက်ညှိုးပြရမည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်(နိုင်ငံခြားစာပေများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)။ ထိုထိုစိတ်ဝင်စားဖွယ်အချက်များ အများအပြာရှိသည့်အနက်မှ ကနဦးပြောကြားလိုသည်မှာ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများ၏ စာပေနှင့်စကားများအား လေ့လာသူ၊ စာအုပ်စာတမ်းပြုစုသူ အများအပြားရှိပါသည်။ ထို့ထက်ပင် ဝေးလံသော နိုင်ငံရပ်ခြားများမှ ဘာသာစာပေများအားလည်း စာတစ်တန် ပေတစ်တန်ပြုစုခဲ့ကြပြီးဖြစ်ပါသည်။ သို့ရာတွင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့်အလှမ်းမဝေးလှသည့် ကမ္ဘောဒီးယားနိုင်ငံရှိ ခမာဘာသာစာပေကိုကား နှိုက်နှိုက်ချွတ်ချွတ်လေ့လာလိုက်စားသူ၊ စာအုပ်စာပေရေးသားပြုစုဖူးသူဟူ၍ မကြားဖူးသေးချေ။ အထူးသဖြင့် ယနေ့အချိန်အထိ မြန်မာ-ခမာ အဘိဓါန်ဟူ၍ မရှိသေးပေ။ ထိုထိုအချက်များသည်ပင် စာရေးသူအား ဤဘလော့ဂ်တည်ထောင်ရန် တွန်းအားများဖြစ်ခဲ့ရပါသည်။ ခေမရဘာသာ ခေါ် ခမာဘာသာစကားအား မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လေ့လာလိုသည့် စာဖတ်ပရိတ်သတ်အပေါင်းအား ကျွန်တော်၏ ဤ “ခမာမြေ”ဘလော့ဂ်မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပါကြောင်းနှင့် ယနေ့ ယခုအချိန်မှစ၍ ခေမရ ခေါ် ခမာဘာသာစကားဆိုင်ရာ ပို့စ်များအား ပညာဒါနအကျိုးငှာ အခါအားလျော်စွာ ပြုစုတင်ပြပေးသွားမည်ဖြစ်ပါကြောင်း........
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ...

မင်းထိုက် (ယောမြေဖွား)

No comments:

Post a Comment