Sunday, May 26, 2013

“ခမာအက္ခရာဗျည်းများနှင့် ၎င်းတို့နှင့်စပ်လျဉ်းသည့် ပါဌ်ဆင့်များ”

ခမာအက္ခရာအရေးအသားတွင် ဗျည်း ၃၃ လုံး(ပထမဇယားပုံ)ရှိသည်ကို စာဖတ်သူများအား ကျွန်တော် မိတ်ဆက်ပေးပြီးဖြစ်ပါသည်။ အဆိုပါဗျည်းများတွင် မြန်မာအက္ခရာ “ဠ” နေရာတွင်ရှိသော ဗျည်းမှလွဲ၍ အခြားသောဗျည်း ၃၂ လုံးတွင် ဆိုင်ရာဆိုင်ရာ ပါဌ်ဆင့်များ(ဒုတိယဇယားပုံ)ရှိကြပါသည်။ မြန်မာစာပေ အရေးအသားတွင် ပါဌ်ဆင့်များအား ပါဠိနှင့် သက္ကတမွေးစားစကားလုံးများမှအပ သုံးစွဲခြင်းမရှိပေ။ သို့ရာတွင် ခမာစာပေအရေးအသားတွင်မူ ပါဌ်ဆင့်အရေးအသားများအား ပါဠိ၊ သက္ကတမွေးစား စကားလုံးများအပြင် ကိုယ်ပိုင်ရေးသားဟန်များတွင်ပါ တွင်ကျယ်စွာသုံးစွဲကြသည်ကို တွေ့ရှိရပါသည်။ အသံထွက်ဆိုပုံမှာကား ပါဠိ၊ သက္ကတစကားလုံးများရွတ်ဆိုပုံနှင့် ဆင်တူမှုရှိပါသည်။ မြန်မာစာပေ ဗျည်းများအား “အ”သံဖြင့် အခြေခံရွတ်ဆိုပါသည်။ ဥပမာ- က(ကာ့)၊ ခ(ခါ့)၊ ဂ(ဂါ့)၊ ဃ(ဃာ့)၊ င(ငါ့).. စသည်ဖြင့် ဖြစ်ပါသည်။ ခမာစာပေတွင်မူ ဗျည်းများအား “အော”သံ အုပ်စု(ပထမဇယားရှိ အနက်ရောင်စာလုံးများ)နှင့် “အို”သံ အုပ်စု(ပထမဇယားရှိအပြာရောင်စာလုံးများ)ဟူ၍ အုပ်စု ၂ စု ကွဲလျှက်ရှိပါသည်။ ဥပမာ- ក(ကော)၊ ខ(ခေါ)၊ គ(ဂို)၊ ឃ(ခို)၊ ង(ငို).. စသည်ဖြင့် ဖြစ်ပါသည်။ ထို့ကြောင့် “အော”သံ ဗျည်း ၁၅ လုံးနှင့် “အို”သံ ဗျည်း ၁၈ လုံးဟူ၍ ခွဲခြားမှတ်သားရပါသည်။ ခမာစာပေအက္ခရာ “သရ”များအကြောင်းမလေ့လာမီ ဗျည်းအုပ်စု ၂ ခုရှိ သက်ဆိုင်ရာဗျည်းများနှင့် ၎င်းတို့၏အသံထွက်တို့အား ဦးစွာမှတ်မိအလွတ်ရနေရန် အထူးလိုအပ်လှပါသည်။ မြန်မာအက္ခရာ ဗျည်းများအား ခွဲခြား မှတ်သားကြရာတွင် “က”အား ကကြီး၊ “ခ”အား ခခွေး စသည်ဖြင့် မှတ်သားကြသော်လည်း ခမာအက္ခရာများတွင်မူ ထိုကဲ့သို့မှတ်သားခြင်းမရှိဘဲ ဗျည်းတစ်လုံးချင်းစီ၏အသံထွက်ကိုသာ ရွတ်ဆို မှတ်သားရပါသည်။ အကြောင်းမှာ ဗျည်းများတစ်ခုနှင့်တစ်ခု အသံထွက်မတူညီကြ၍ဖြစ်ပါသည်။ သို့ရာတွင် ပါဌ်ဆင့်များအား စာရေးသားရွတ်ဆိုရာ၌လွယ်ကူစေရန် မူလဗျည်းတို့၏အသံထွက်အားအခြေခံ၍ ဖြည့်စွက်သံတစ်ခုဖြင့် ပေါင်းစပ်ခေါ်ဝေါ်ကြပါသည်။ ထိုအခေါ်အဝေါ်နှင့်စပ်လျဉ်း၍ အနည်းငယ်ဖော်ပြ လိုသည်မှာ ခမာစာအက္ခရာအရေးအသားတွင် ဗျည်းအချို့၏အပေါ်ပိုင်းရှိ လှိုင်းတွန့်ပုံသဏ္ဍာန် (လက်ရေးဖြင့်ရေးသားရာတွင် တစ်ဖြောင့်တည်းလည်း ဆွဲနိုင်သည်)အဆွဲအငင်အား မြန်မာလို “ဆံပင်”ဟု အဓိပ္ပါယ်ရသည့် “စောက်”(ခမာစကားအသံထွက်)ဟူ၍လည်းကောင်း၊ ပါဌ်ဆင့်များအား မူလဗျည်းသံ၏ ရှေ့တွင် မြန်မာလို “ခြေထောက်”ဟု အဓိပ္ပါယ်ရသည့် “ကျိန်း”(ခမာစကားအသံထွက်)နှင့် ပေါင်းစပ် ခေါ်ဆိုကြပါသည်။ ဥပမာ- “្ក”ပါဌ်ဆင့်အား “ကျိန်းကော”ဟူ၍လည်းကောင်း၊ “្ខ”ပါဌ်ဆင့်အား “ကျိန်းခေါ” ဟူ၍လည်းကောင်း စသည်ဖြင့် ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ဗျည်းများနှင့် ပါဌ်ဆင့်များ၏ အသံ ထွက်ဆိုပုံအသေးစိတ်အား စာဖတ်သူများ Font download ပြုလုပ်ရခြင်းနှင့် Keyboard အတွက် စီမံခန့်ခွဲရခြင်း အခက်အခဲများမှကင်းဝေးစေရန် PNG image ဖြင့်သာ ဖော်ပြပေးသွားပါမည်။

လိုရာပန်းတိုင် ဆွတ်လှမ်းနိုင်ကြပါစေ...

မင်းထိုက်(ယောမြေဖွား)

No comments:

Post a Comment